တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့နယ်၊ အခြေခံပညာ ဆရာ၊ဆရာမများ ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ကော့သောင်း မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အခြေခံပညာ ဆရာ၊ဆရာမများ ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အဆိုပါအခမ်းအနားအား သင်တန်းနည်းပြ ဆရာ၊ဆရာမများက "တို့တာဝန် သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားရာ "ယခုဖွင့်လှစ်သည့်သင်တန်းသည် နိုင်ငံဝောာ်အကြီးအကဲ၏ လမ်းညွှန်မှုအရ အခြေခံပညာဆရာ၊ဆရာမများ၏ ပညာရေးနှင့်သင်ပြနည်းပညာဆိုင်ရာ စွမ်းဆောင်ရည်တိုး တက်မြင့်မားစေရေးအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းအသီးသီး၏ နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်း စာမေးပွဲလုပ်ငန်းများ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများနှင့် ဌာနတွင်း သီးခြားဝာာဝန်ပေးမှုလုပ်ငန်းများကိုပါ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့်အတွက် ဆရာ၊ဆရာမများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိမှတ်ပြုဂုဏ်ယူပါကြောင်း၊ သင်တန်းကာလအတွင်း နည်းပြများက သင်ကြားပို့ချသော ဘာသာရပ်များသည် မိမိတို့ ဆရာ၊ဆရာမများ၏ စွမ်းဆောင်ရည်နှင့် သင်ကြားနည်းဆိုင်ရာအတွေး အခေါ်များ၊ ပြဿနာဖြေရှင်းနည်းများ၊ ပူးပေါင်းဆောင်ရွက်နည်းများ တိုးတက်လာ‌စေမည်ဖြစ်သည့်အတွက် အပတ်တကုတ် ကြိုးစားလေ့လာသင်ယူသွားကြရန် အထူးမှာကြားလိုကြောင်း၊ ပူပြင်းသည့် နွေရာသီကာလဖြစ်သည့်အတွက် သင်တန်းပို့ချမည့်နည်းပြများ၊ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများ၏ ကျန်းမာရေးကိစ္စရပ်များ အထူးဂရုပြုရန် လိုအပ်သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများ မဖြစ်မနေ စီမံဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများကလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော သင်တန်းများ အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကူညီပေးကြရန် " လမ်းညွှန်အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ကော့သောင်းမြို့နယ်၊ "အခြေခံပညာ ဆရာ၊ဆရာမများ ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်း"အတွက် ချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး‌ဦးကျော်ငွေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။

အဆိုပါ အခြေခံပညာဆရာ၊ဆရာမများ "ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်း"ကို မတ်လ ၂၄ရက်နေ့မှ မေ ၃၀ရက်နေ့ထိ အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းတွင် သင်တန်းဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ၊ဆရာမ (၁၂)ဦးနှင့် ကော့သောင်းမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ဆရာ(၉၈)ဦး၊ ဘုတ်ပြင်းမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ဆရာ(၁၁)ဦး၊ စုစုပေါင်း (၁၀၉)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)