ထားဝယ် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က နိုင်ငံတော်အနေဖြင့် စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့်စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊လူငယ် လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်လူရွယ်ကျောင်းသား/ကျောင်းသူလေးများက တေဇရုပ်စုံစာအုပ်ထဲရှိ ကဗျာနှင့် ပုံပြင်များအားတစ်ဦးချင်း ဖတ်ကြားပြီးလက်ထောက်ညွှန်ကြားရေးမှူး က ဖတ်ရှု့ထားသော ကဗျာနှင့် ပုံပြင်၏ အနက်အဓိပ္ပါယ်အား ပြန်လည် ဆွေးနွေးကာ ကျောင်းသား/သူများအား ကျောင်းသုံးဗလာ စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)