မြစ်ကြီးနား မတ် ၂၄
နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန်အောင်ဘုရား ပတ်ဝန်းကျင်နှင့် Welcome To Myitkyina မေခပန်းဥယျာဉ် ပတ်ဝန်းကျင်တို့တွင် လူထုအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ စုပေါင်း၍ ပြည်ထောင်စုလမ်းမကြီးဘေး Welcome To Myitkyina ဆိုင်းဘုတ်၊ မေခပန်းဥယျာဉ်နှင့် ကြက်ပေါင်ခြံချောင်းတစ်လျှောက် အမှိုက်များကောက်ယူခြင်း၊ စက်ယန္တရားကြီးများအသုံးပြု၍ ချောင်းရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ချောင်းရိုးတစ်လျှောက်နှင့် လမ်းဘေးမြေဧရိယာအား စနစ်တကျခုတ်ထွင်ရှင်းလင်း၍ သာယာလှပအောင် ဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အောင်ဇေရန်အောင်ဘုရား ပတ်ဝန်းကျင်တို့တွင် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်များကစုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် ၉ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များနှင့် ဝန်ထမ်းသားသမီးများအတွက် အင်္ဂလိပ်စာ (ထက်၊ လယ်၊ မူ)အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အဓိကအုတ်မြစ်ဖြစ်သည့် ရင်သွေးငယ် သား/သမီးများ၏ ပညာစွမ်းရည်မြှင့်တင်ပေးနိုင်မှုသည် အရေးကြီးပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတကာအသုံးပြုမှုအများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည်ကို ခေတ်စနစ်နှင့်လျော်ညီစွာ အခြေခံတတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းမိသားစုဝင်များ၊ သား/သမီးများအတွက် တစ်ဖက်တစ်လှမ်းက အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာစွမ်းရည်ကို လေ့ကျင့်သင်ကြားပေးနိုင်ရေး ယခုလိုသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက သင်တန်းတွင် ဖွင့်လှစ်ပို့ချပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည့် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများကိုလည်းကောင်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၆၇)ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအတွက် Dental Chair တစ်စုံကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)