မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

မြိတ် မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုး သမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဒုတိယအကြိမ်ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသက်နိုင်က အခမ်းအနားမှူးတစ်ယောက်အဖြစ် ဆောင်ရွက်တော့မည်ဆိုရင် ကိုယ်တာဝန်ယူရသည့် အခမ်းအနား၊ အစည်းအဝေးစသည်တို့ကို အဆင်ပြေချောမွေ့စွာ ပြောဆိုတာဝန်ယူနိုင်ရန်အတွက် သတိပြုသင့်၊ ဆင်ခြင်သင့်သည်များကို  မျှဝေပေးလိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် အခမ်းအနားမှူး အဖြစ်ဆောင်ရွက်နေသူများကို အဓိကအားဖြင့်အသံထွက်မှန်ကန်စေရန် ဦးတည်ပြီးမြန်မာစာ၊ မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ၊ အသံထွက်မှန်မှန်၊ သဒ္ဒါမှန်မှန်၊ အဖြတ်အတောက်မှန်မှန် သုံးစွဲနိုင်ရန်၊  လေယူလေသိမ်းမှန်ကန်စေရန်၊ အသက်ရှူ/ထုတ်၊ စနစ်ကျစေရန်၊ မိုက်ကရိုဖုန်း   ကောင်းစွာ အသုံးပြုနိုင်စေရန်အတွက် အခမ်းအနားမှူး လက်စွဲပါ သင်ခန်းစာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ ဦးဆောင်၍ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ သင်တန်းသူ(၄၀) တက်ရောက်ခဲ့ကြပြီး မတ်(၂၄)ရက်မှ (၂၆)ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး  (ပြန်/ဆက်)