တာမွေ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ယမန်နေ့မွန်းလွဲပိုင်းအချိန်က အဆိုပါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှပန်းချီ၊ လူပုံနှင့် တိရစ္ဆာန်ပုံရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှ ပေးသော ခံစားမှုရသများနှင့် ပတ်သက်၍ သင်တန်းသား/သူ (၅၀) ဦးခန့်အား ၂၀၂၅ - ခုနှစ် မတ်လ (၂၀) ရက်နေ့မှ မတ်လ (၂၆) ရက်နေ့အထိ တစ်ပတ်ကြာ အသေးစိတ် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)