သုံးခွ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.Ep) အမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က ၁ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က ၂ ဒဂုံဆိပ်ကမ်းမှ သင်တန်းနည်းပြခေါင်းဆောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်နွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် ဒီပလိုမာမရသေးတဲ့ ဆရာ ဆရာမများအတွက် ဒီပလိုမာဘွဲ့လက်မှတ်ရအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုနွေရာသီမှာ သင်္ကန်းကျွန်းကောလိပ်မှ ဆရာ ဆရာများနှင့် အခြေခံပညာဦးစီးဌာနမှ MEd ၊ PhD ဘွဲ့ရရှိထားတဲ့ ဆရာ ဆရာမနည်းပြများ ကျောင်းအုပ်များ ပူးပေါင်း၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးကောလိပ်မှ သင်တန်းနည်းပြ ကြီးကြပ်ဆရာမ ဒေါ်ရွှေရည်ဝင်းက သင်ကြားရေးဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်းကာလမှာ ၂၄-၃-၂၀၂၅ ရက်နေ့မှ ၃၀-၅-၂၀၂၅ ရက်နေ့အထိဖြစ်ပြီး သင်တန်းနည်းပြ ၁၆ ဦး၊ ရုံးအဖွဲ့ ၅ ဦး ကြီးကြပ် ၁ ဦးတို့က သင်တန်းသား သင်တန်းသူ လက်ထောက်မူလတန်းပြ၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြ ဆရာ ဆရာမ (၃၄၇) ဦးတို့အား နံနက် ၈ နာရီအချိန်မှ ၄ နာရီခွဲအချိန်ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)