ဒဂုံအရှေ့ မတ် ၂၅
နှစ် (၈၀) ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရှမ်းတဲကြီးကျေးရွာ ပညာဘဏ်စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အဦသစ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်၊ ရှမ်းတဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းနှင့် ပညာဘဏ်စာကြည့်တိုက်ကော်မတီနာယက ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စာကြည့်တိုက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုပြီး စာဖတ်နေသည့် ကျောင်းလူငယ်များအား အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသောပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ပေးအပ်ရာ ပညာဘဏ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအုန်းသန်းက လက်ခံရယူသည်။
ယင်းနောက် စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်က ပေးအပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လက်ခံရယူသည်။ ထို့နောက်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေကျပ် (၁၄၂) သိန်းအား အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ပေးအပ်ရာ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဒေါက်တာရွှေပြည်စိုးကလက်ခံရယူပြီး ရှမ်းတဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါစာကြည့်တိုက် အဆောက်အဦသစ်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀)၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေကျပ် (၁၄၂) သိန်း စုစုပေါင်းငွေကျပ် (၂၉၂) သိန်းဖြင့် အမြင့် (၁၃) ပေ၊ အလျား (၂၀) ပေနှင့် အနံ(၃၀) ပေခွဲဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်စာစောင် (၁၅၀၀) အုပ်လှူဒါန်းထားရှိကြောင်း သိရသည်။
အေးမဉ္ဇူ