ကဝ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က (ကဝ) ကျောင်းတွင် ဖွင့်လှစ်ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ (၄၂) ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး မူလတန်းအဆင့် ဆရာ/ဆရာမ (၄၆၂) ဦး တက်ရောက်သွားမည်ဖြစ်ရာ၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က (အုန်းနှဲ) ကျောင်းတွင် ဖွင့်လှစ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမ (၄၀) ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ဆရာ/ဆရာမ (၅၉၀) ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလမှာ မတ်လ (၂၄) ရက်မှ (၂၈) ရက်ထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)