ကွမ်းခြံကုန်း မတ် ၂၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဟားခါးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများအား သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးသန္တာစိုးမှ သင်တန်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် ဟာခါးပညာရေးဒီဂရီကောလိပ်မှ ကတိကဆရာဦးရန်နိုင်မှ သင်တန်းနှင့် ပတ်သက်သည်များကို ထပ်ဆင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဟားခါးပညာရေးဒီဂရီကောလိပ်နှင့် နည်းပြ ဆရာ၊ ဆရာမများက ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းတွင် ပညာရေးသဘော၊ အင်္ဂလိပ်စာသင်ပြနည်း၊ ပညာစိတ်၊ မြန်မာစာသင်ပြနည်း၊ ပန်းချီ၊စိုက်ပျိုးရေး၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း၊ ICT၊ သင်္ချာသင်ပြနည်း၊ အိမ်တွင်းမှု/စက်မှု၊ ကာယ၊ ဘဝတွက်တာ၊ ဂီတ စသည့်ဘာသာရပ်များကို မတ်လ (၂၄) ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ (၄၉) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ (၄၈၈) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)