တာချီလိတ်မြို့၌ ရေနုတ်မြောင်းနှင့် ရေချောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား အရေးယူမည်

တာချီလိတ် မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေနုတ်မြောင်း၊ ရေချောင်းများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန်ပစ်သူများအား တွေ့ရှိပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့က တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်သည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းနေသော မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်း၊ နိုင်းနိုင်းချောင်း၊ ဆန်ဆိုင်း(၁၂)လမ်းချောင်း၊ ခိုတောင်ချောင်း၊ ရေနုတ်မြောင်းများနှင့် လမ်းမကြီးများပေါ်သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုမရှိဘဲ အမြင်မကောင်းခြင်း၊ ရေစီးရေလာကောင်းမွန်မှုမရှိခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမိန့်ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဖြစ်သည်။

ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အမှိုက်များစွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် မြို့သန့်ရှင်းလှပရေးလုပ်ငန်းများကို စည်ပင်သာယာရေးဌာနနှင့် ပုဂ္ဂလိက အမှိုက်သိမ်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့တွင်းနေအိမ်များ၏ အမှိုက်များသိမ်းဆည်းရေးကို ယခုထက်ပိုမိုစနစ်ကျစွာ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)