တောင်ကြီး မတ် ၂၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တောင်ကြီးဆေးတက္ကသိုလ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဆေးပညာရပ်များ သင်ယူပြီးမြောက်သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုင်ငံတော်သီချင်း တီးမှုတ်သီဆိုအလေးပြု၍ ဖွင့်လှစ်ပြီး ဘွဲ့ရမောင်မယ်များက အဓိဋ္ဌာန်ပြု ကတိသစ္စာ ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် တောင်ကြီးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ လှဝင်းမြင့်က ဘွဲ့နှင်းသဘင်အခမ်းအနားမိန့်ခွန်းမြွတ်ကြားရာတွင် ဘွဲ့ရမောင်မယ်များအနေဖြင့် လူမှုရေးဦးတည်ချက်(ခ)ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်မာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်များအနက် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနှင့် ပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယနေ့ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ဆေးပညာဘွဲ့ရ (၂၁)ဦးစလုံး နိုင်ငံတာဝန်ကိုထမ်းဆောင်ကြပြီး မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆရာဝန်တစ်ဦးအနေနှင့် ဆေးဝါးကုသမှုကောင်းမွန်ရုံသာမက လူနာများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာခံစားနေမှုများ ငြိမ်းအေးပပျောက်လျော့ပါးသွားအောင် ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ အခြေခံဆရာဝန်တစ်ဦးအနေနှင့် လုပ်ဆောင်ရမည့် ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်း၊ ဆေးကုသခြင်း၊ လူနာများကို ပြုစုခြင်းတို့အပြင် စီမံခန့်ခွဲရေးကိစ္စများကိုပါ နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ကတိသစ္စာ(၉)ချက်ကို ခါးဝတ်ပုဆိုးပမာ မြဲမြဲမြံမြံ လိုက်နာကျင့်သုံးကြစေလိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ ပြည်သူလူထုကို တာဝန်အပြင် မေတ္တာ၊ စေတနာ၊ ဂရုဏာနှင့် ကိုယ်ချင်းစာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်ကုသပေးကြရန်၊ အတ္တနှင့်ပရမျှတစွာ လုပ်ဆောင်ရင်း အများပြည်သူလေးစားချစ်ခင်ရသည့် ဆရာဝန်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဆေးပညာဘွဲ့ရရှိသည့် ဆရာဝန် (၂၁) ဦးတို့အား ဘွဲ့များအသီးသီး အပ်နှင်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘွဲ့နှင့်သဘင်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ဦးနှင့် တာဝန်ရှိသူများ၊ တောင်ကြီးဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှဝင်မြင့်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ကျော်ဇင် (ခရိုင်၊ ပြန်/ဆက်)