ကျောက်တလုံးကြီး မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို အဆိုပါကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဝါးလှရွာတွင်းကွန်ကရစ်လမ်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အနေဖြင့် ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရေးနှင့် ၂၀၃၀ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာများအားလုံး (၈၀%)နှင့် ကျေးလက်လူဦးရေ၏ (၉၀%) အပေါ် ရာသီမရွေးသွားလာနိုင်သောလမ်းများဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းသည်လည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကို အထောက်အပံ့ဖြစ်စေကြောင်း၊ ယနေ့ဖွင့်လှစ်သည့်လမ်းသည် ကျေးရွာလူထုကိုဗဟိုပြု၍ ကျေးရွာ၏ ပကတိအမှန်လိုအပ်ချက်များကို ကျေးရွာနေပြည်သူများက ပူးပေါင်းဖော်ထုတ်ကြပြီး အမှန်တကယ် အကျိုးပြုသည့်လမ်းဖြစ်ခြင်းကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာအဆင့်ကော်မတီဝင်များနဲ့ ကျေးရွာသူ/ကျေးရွာသားများမှ မိမိတို့ကျေးရွာအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့်ရလာသည့် ဖွံ့ဖြိုးရေးအသီးအပွင့်များကို မျက်ဝါးထင်ထင်တွေ့မြင်ကြရပြီးဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးသော၊ ဖွံ့ဖြိုးရေးဖော်ဆောင်ရသောဌာနဖြစ်ခြင်းကြောင့် အကျိုးရှိစေမည့်လုပ်ငန်းများကို ဒီထက်မက ကျေးလက်နေပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်းပြောကြားသည်။
ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ကွန်ကရစ်လမ်းလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ဒေသခံကျေးရွာ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်း ကွန်ကရစ်လမ်း(၉၈၀'×၁၂'×၇')အား နိုင်ငံတော်မှ ၁၅ သန်း၊ ဒေသခံပြည်သူများ၏ထည့်ဝင်ငွေနှင့် လုပ်အားခ ၁၄.၄၀ သန်း စုစုပေါင်း ၂၉.၄၀ သန်း ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
ဇော်နိုင်လင်း