မြောင်းမြ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိခဲ့သည့် ဆရာတော်သုံးပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၂၃ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က စကြာသီဟ-စကြာနန္ဒဘုရားဝန်းအတွင်းရှိ ထွန်းညွှန့်ရတနာဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ရွှေစက်တော်ရာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအာစာရသိရိအရှင်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နိုင်ငံတော်မှ ပေးအပ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အားရရှိခဲ့သည့် မြောင်းမြမြို့ အလယ်တောရစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တပညာသီဟနှင့် ပရိယတ္တိစွမ်းအားစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တသူရပ္ပတိ၊ အဂ္ဂမဟာကမ္မဌာနစရိယဘွဲ့တံဆိပ်တော်အားရရှိခဲ့သည့် ဟံသာဝတီကမ္မဌာန်းကျောင်းတိုက်မှ ဆရာတော်ဘဒ္ဓန္တဝိစိတ္တသာရတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်အားရရှိခဲ့သည့် ဒေါ်ချိုလဲ့ယဉ်ဝင်းအား ဘွဲ့တံဆိပ်တော်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် စာအောင်သံဃာတော်များနှင့် သီလရှင် စုစုပေါင်း (၁၀၂) ပါးအား စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဌာနဆိုင်ရာနှင့် ရပ်ကွက်ကျေးရွာများမှ ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)