ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ဖွင့်ပွဲ တက်ရောက်

တောင်ကြီး မတ် ၂၅

ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) ၁/၂၀၂၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် နာရီက တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လုပ်ငန်းခွင်တွင်းရှိ ပညာရေးဒီပလိုမာမရရှိသေးသည့် ဆရာ၊ ဆရာမများကို ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာရရှိစေပြီး ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝစေကာ သင်ကြားရေးစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းအလေ့အကျင့်မှသည် လုပ်ငန်းခွင်အရည်အချင်းအဖြစ် ဆရာအတတ်ပညာအရည်အသွေး ပိုမိုပြည့်ဝလာပြီး အခြေခံပညာကျောင်းများတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆရာများဖြစ်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှုသင်ယူမှု အရည်အသွေးကိုလည်း မြင့်မားတိုးတက်လာစေရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များကို စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်သော နိုင်ငံတော်ကို ချစ်မြတ်နိုး၍ ထက်မြက်လိမ္မာသော လူသားရင်းမြစ်များအဖြစ် ပျိုးထောင်ပေးနိုင်ကြစေရန် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ လက်ခံရယူသည်။

ထို့နောက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက သင်တန်းဖွင့်လှစ်မည့်အခြေအနေများနှင့်ပတ်သက်သော အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် သင်ကြားရေးဌာန(၈)နေရာတို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင်(၄၆၂)ဦး၊ တောင်ကြီးမြို့ အ.ထ.က(၅)တွင် (၅၀)ဦး၊ အ.ထ.က(၁၁)တွင် (၂၅၀)ဦး၊ ရွှေညောင် အ.ထ.ကတွင် (၂၅၀)ဦး၊ ကလောမြို့ အ.ထ.က(၂)တွင် (၂၅၀)ဦး၊ အောင်ပန်းမြို့ အ.ထ.က(၃)တွင် (၂၅၀)ဦး၊ အ.ထ.က(၅)တွင် (၂၅၀)ဦး ဟိုပုံးမြို့ အ.ထ.က(၁)တွင် (၅၀၀)ဦး စုစုပေါင်း ဆရာ၊ ဆရာမ(၂၄၆၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ မြန်မာစာသင်ပြနည်း၊ အင်္ဂလိပ်စာသင်ပြနည်း၊ သင်္ချာသင်ပြနည်း၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ကာယပညာ၊ ဒေသဆိုင်ရာသင်ရိုး၊ အနုပညာဘာသာရပ်၊ ဘဝတွက်ကျွမ်းကျင်စရာ၊ စာရိတ္တတနှင့် ပြည်သူ့နီတိ၊ ပြန်လည်သုံးသပ်ခြင်း အလေ့အကျင့်နှင့် မရှိမဖြစ်သည့် ကျွမ်းကျင်မှုများ၊ လက်တွေ့တန်းပြ ဘာသာရပ်များပို့ချသွားမည့်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၄)လကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)