ချောက် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်နှင့် သင်ကြားမှု/သင်ယူမှု ထိရောက်စေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းဖွင်ပွဲကို အ.ထ.က(၁) ကျောင်း မြရိပ်ညိုခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဆင့်ဝင်းက သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ သင်တန်းသင်ကြားပို့ချချိန်တွင် အလေးထားလိုက်နာသင်ယူကြရန် ပြောကြားခဲ့သည်။
ထို့နောက် မူလတန်းဆင့်စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က(၁)ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းဆင့်စွမ်းရည်မြှင့် သင်တန်းကို အ.ထ.က(၄)ကျောင်းတွင်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား/သူဆရာ၊ ဆရာမ ၉၆၉ ဦး၊ အလယ်တန်းဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမ ၃၄၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ ၆၆ ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာသိပ္ပံ၊ လူမှုရေးဘာသာရပ် ၅ မျိုးကိုလည်းကောင်း၊ အလယ်တန်းဆင့်စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ ၂၂ ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ် ၆ မျိုးကို လည်းကောင်း မတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ (၄)ရက်တာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)