တောင်တွင်းကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

တောင်တွင်းကြီး မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေနံနက် (၁၀)နာရီအချိန်က စတင်ကာ ဌာနဆိုင်ရာရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် () ဦးမှ သစ်ထုတ်လုပ်ရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများအား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ပေးခြင်းနှင့် မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)