နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်ခြင်းနှင့် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားများ ကျင်းပ

ချမ်းအေးသာစံ မတ်၂၅

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တွင်း နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ခြင်းနှင့် ရတနာပုံဥယျာဉ်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်လှစ်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နေလူထုစိတ်ချမ်းမြေ့စေရန်၊ အချိန်တိုအတွင်း သွားလာမှု အဆင်ပြေချောမွေ့လွယ်ကူစွာရှိစေရန် လမ်းများအား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ယာဉ်ကြောကြပ်တည်းဖြစ်ပွားမှုများ လျော့ချနိုင်ရေးအတွက် အလေးထားကာ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ၁၀ လမ်းသည် မန္တလေးမြို့ မြောက်ဘက်အစွန်းဆုံးလမ်းဖြစ်ပြီး အရှေ့မြို့ပတ်လမ်းနှင့် ဆက်သွယ်ထားသည့် အဓိကကျသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဒေါနဘွားကားကြီးဝင်း တည်ရှိသည့်အတွက် ကုန်စည် စီးဆင်းမှု လွယ်ကူစေမည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန် အထောက်အကူပြုသည့် လမ်းလည်းဖြစ်ပါကြောင်း၊ အလားတူ ၃၅ လမ်းသည် မန္တလေးမြို့အလယ် ဗဟိုတွင်တည်ရှိပြီး အရှေ့မြို့ပတ်လမ်းမှ အနောက်မြို့ပတ်ကမ်းနားလမ်းထိ တစ်ဖြောင့်တည်းသွားလာနိုင်သည့် အရှေ့ နှင့် အနောက်ဆက်သွယ်ပေးထားသည့် အဓိကလမ်းမကြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်း ၂ လမ်းအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခင်းပေးထားကာ လိုအပ်သည့် နေရာများတွင် တံတားများ ဘေးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း ကုန်ကျငွေကျပ် (၉၉၈.၆၈၇)သန်း  အသုံးပြုဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စအဝဝတို့ ဆက်သွယ်ဆောင်ရွက်ကြရာတွင် များစွာအထောက်အကူပြုသည့်လမ်းများဖြစ်ပါကြောင်းနှင့် ရေရှည်ကောင်းမွန်တည်တံ့ရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်းက ယခုဖွင့်လှစ်လိုက်သည့်  လမ်းများအနေဖြင့် ၁၀ လမ်း (၆၂လမ်းမှအရှေ့မြို့ပတ်လမ်းအထိ) အကျယ် (၃၄)ပေ၊ အရှည်(၃၂၃၃)ပေ နိုင်လွန်ကတ္တရာခင်းခြင်းအတွက် ကျပ်(၄၈၄.၅၅၃)သန်းနှင့် ၃၅လမ်း (၈၆လမ်းမှမြို့ပတ် ကမ်းနားလမ်းထိ) အကျယ် (၄၈)ပေ၊ အရှည်(၄၅၃၉)ပေ တို့အား နိုင်လွန်ကတ္တရာ ခင်းကျင်းအတွက် ကျပ်(၅၁၄.၁၃၄)သန်းဖြင့် ဆောင်ရွက်ပေးခဲ့မှု နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ မြို့ပေါ်ရှိလမ်းများ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်း ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၎င်းနောက် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအမှတ်တရ လက်ဆောင်များ ပေးအပ်ကာ လမ်းတစ်လျှောက်ကြည့်ရှု၍ မြို့မိမြို့ဖများအား ရင်းနှီးစွာ လိုက်နှုတ်ဆက်ကာ ဘင်ခရာအဖွဲ့နှင့်ပန်းပွား အဖွဲ့တို့အားဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြို့တွင်းရှိ လမ်းမကြီးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန် ရေများဖြင့် ဆေးကြောသန့်ရှင်းခြင်း၊ ယာဉ် ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်ကြောပြအမှတ်အသားများ ပေါ်လွင်ထင်ရှားစေရန် ဆေးကြောခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရတနာပုံဥယျာဉ်တွင် ကျင်းပသည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံ့ကော်ပင်များနှင့် စံပယ်ပင်များ စိုက်ပျိုးခြင်း အခမ်းအနားသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ကံ့ကော်ပင်များကို စတင်စိုက်ပျိုးပေး၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကံ့ကော်ပင်များနှင့် စံပယ်ပင်များကို စိုက်ပျိုးကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် စုပေါင်း၍ သစ်ပင်စိုက်ပျိုးနေသူများကို နှုတ်ဆက် အားပေးခဲ့ကြောင်းနှင့် ယနေ့စိုက်ပျိုးမှုတွင် ကံကော်ပင် ၁၀၀ ပင်နှင့် စံပယ်ပင် ၁၀၀ ပင်တို့ကို စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)