ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ သင်ကြားသင်ယူမှု ထိရောက်စေရန် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ပင်းတယ မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားသင်ယူမှု ပိုမိုထိရောက် အကျိုးရှိစေရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (ကြိုသက်) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မတ် ၂၄၊ ၂၅၊ ၂၆၊ ၂၈ ရက်အထိ သင်တန်းကာလ လေးရက်ကြာ သင်တန်းနည်းပြ ဆရာ/ဆရာမ စုစုပေါင်း (၇၃) ဦးဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၈) ကျောင်းမှ ထက်၊ လယ်၊ မူအဆင့်ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများ အပါအဝင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၉၇၇) ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)