မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

ချမ်းအေးသာစံ မတ်၂၅

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁)မှ သင်တန်းအမှတ်စဉ် (၁၁)အထိ သင်တန်းများ ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆောင်ရွက်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေ၊နည်းဥပဒေနှင့် ညွှန်ကြားချက်များအတိုင်း အပြည့်အဝ လေးစားလိုက်နာပြီး အဂတိတရားကင်းရှင်းစွာ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မမှန်မကန်ဆောင်ရွက်ခြင်းများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)မှသင်တန်း အမှတ်စဉ်(၁၁)အထိ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများအပေါ် အားနည်းချက် အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားပြီးနောက် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)