မြောင်းမြမြို့တွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ကော်မတီဝင်များနှင့် အကြိုညှိနှိုင်းနွေးပွဲကျင်းပ

မြောင်းမြ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာကော်မတီဝင်များနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ (၄း၀၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ရန်၊ ကော်မတီအသီးသီးတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများမှလည်း မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့မှလည်း ပွဲတော်အတွင်းကုန်ကျစရိတ်များအတွက် လုံလောက်စွာရှာဖွေပေးကြရန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့မှလည်း အင်ဂျင်နီယာများနှင့်တိုင်ပင်၍ ကုန်ကျစရိတ်များ အကြမ်းဖျဉ်းတွက်ချက်ဖော်ပြရန် စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာကော်မတီဝင်များမှလည်း မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့ (၁၂) ဖွဲ့တို့အား မဟာသင်္ကြန်ပွဲတော်အကြိုနေ့မှစ၍ မဟာသင်္ကြန်ပွဲတော်အတက်နေ့အထိ တစ်နေ့လျှင် ယိမ်းအဖွဲ့ (၄) ဖွဲ့နှုန်းဖြင့် ယှဉ်ပြိုင်ကပြစေပြီး၊ သီချင်းဆိုပြိုင်ပွဲလည်းပါဝင်ကာ ဆုရရှိသည့် ယိမ်းအဖွဲ့များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)