တောင်ငူ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်၊ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အတွက် အရေးပါတဲ့ ပညာရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အခြေခံပညာ ဆရာ၊ ဆရာမများရဲ့ သင်ကြားရေး အရည်အသွေးများ မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဥ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးတဲ့အခါမှာ ပညာရေးဒီပလိုမာရရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်လာစေမှာဖြစ်ကြောင်း၊ နိုင်ငံတော်က ရည်မှန်းဆောင်ရွက်နေတဲ့အတိုင်း အသိပညာ၊ ကျွမ်းကျင်မှု၊ အတွေးအခေါ်များအားလုံး ဟန်ချက်ညီညီ မှန်ကန်ဖွံ့ဖြိုးပြည့်ဝတဲ့ ဆရာ၊ ဆရာမများအဖြစ်၊ နိုင်ငံတော်တိုးတက်ရေးအတွက် ဘက်စုံထောင့်စုံမှ ဆောင်ရွက်နိုင်ကြသူများ ဖြစ်စေဖို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြမယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်းနှင့် ကြိုးစားဆောင်ရွက်ကြပါလို့” တိုက်တွန်းအမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.Ep) အမှတ်စဥ် (၁/၂၀၂၅) ကို မတ် ၂၄ ရက်နေ့မှ မေ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမ (၉၀၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းဘာသာရပ်များ၊ ICT၊ ကာယ၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု၊ စက်မှုလက်မှု၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်သင်ခန်းစာများ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို