သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ

သာပေါင်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက နွေရာသီပန်းချီ (အခမဲ့) သင်တန်းကို နှစ်စဥ်ကျင်းပ ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပန်းချီပညာကိုအသုံးချ၍ ကျောင်းသင်ခန်းစာများတွင်လည်း ထူးချွန်အောင်ကြိုးစားကြဖို့လိုပါကြောင်းဖြင့် သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများ ရရှိကြသည့်သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်း နည်းပြဆရာဦးစိုးမင်းအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဦးတည်‌ကျေးရွာများ ဖွံ့ဖြိုးရေးကွန်ယက်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်စုံခဲတံများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)