ဖြူးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

​ဖြူး မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အားကစားကို လေ့ကျင့်စေခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ကိုယ်ကာယကြံ့ခိုင်ပြီး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြှင့်မားရေးအတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ​မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအလိုက်သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်မောင်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံးအားကစားနည်း (၄၉) ဦး၊ ပြေးခုန်ပစ်အားကစားနည်း (၂၁) ဦး၊ စားပွဲတင်တင်းနစ်အားကစားနည်း (၁၃) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ သင်တန်းသား (၈၃) ဦးအား မတ်လ (၁) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့ထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)