ငွေဆောင် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဌာနဆိုင်ရာများ၊ Myanmar Underwater federation ၊ Myanmar Dive Center တို့ပူးပေါင်းကာ နှစ်စဥ်လုပ်ဆောင်လျှက်ရှိသည့် ကမ်းခြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုအဖြစ် ယနေ့နံနက် (၇း၀၀) နာရီမှ နံနက် (၉း၀၀) နာရီအထိ အမှတ် (၃) ရပ်ကွက်၊ ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ Myanmar Underwater federationမှ တာဝန်ရှိသူတစ်ဦးက အမှာစကား ပြောကြား ရာတွင် ကမ်းခြေခရီးသွားလုပ်ငန်း စဥ်ဆက်မပြတ် ဆက်လက်တိုးတက်စေနေရေးအတွက် ပင်လယ်ကမ်းရိုးတန်း သယံဇာတသဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှုမဖြစ်စေရေး၊ အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရေး၊ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးတို့အတွက် ကမ်းခြေသန့်ရှင်းသာယာလှပရေးအား နှစ်စဥ်အစဥ်အလာမပြတ် ဆောင်ရွက်လျှက်ရှိသည်မှာ (၆) ကြိမ်မြောက်ရှိပြီဖြစ်ပြီး နောင်နှစ်များတွင်လည်း ဌာနဆိုင်ရာများ၊ သက်ဆိုင်ရ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကမ်းခြေသန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားဦးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကမ်းခြေသန့်ရှင်းသာယာလှပရေးလုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ Myanmar Underwater Federationမှ Dr.Than Win ဦးဆောင်သောအဖွဲ့နှင့် Myanmar Dive center အဖွဲ့တို့မှ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် ဖြင့်ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များ၊ အုန်းသီးခွံများအပါအဝင် အခြားအမှိုက်များအား စုပေါင်းကောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)