ကြံခင်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အရှေ့ကွင်းပြင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ကြသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က ယခုအခါ ပွင်းလင်းရာသီရောက်ရှိလာသဖြင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် လုံခြုံရေးဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်နိုင်သော အကြောင်းအရင်းများ၊ မီးငြှိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဘူးများကို အသုံးပြုနည်း၊ မီးချိတ် မီးကပ်များ၊ သဲပုံး ရေပုံးများ၊ ရေလောင်ကန် ရုံးဌာနများ၊ နေအိမ်များတွင် ထားရှိကြရန် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နည်းစနစ်မှန်ကန်စွာဖြင့် မီးငြှိမ်းသတ်နိုင်ရန် ရေစိုအဝတ်ဖြင့် ဖုံးအုပ်ခြင်း၊ မီသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသည်။ ဆက်လက်၍ ရပ်ကွက်အတွင်းနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ထားရှိမှုကို လိုက်လံစစ်ဆေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)