တိုင်းဒေသကြီးဝန်ကြီးချုပ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပတောချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ ပြည်သူလူထုစုပေါင်း သွေးလှူဒါန်းခြင်း အခမ်းအနားတက်ရောက်

ပုသိမ် မတ် ၂၅

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတောချောင်းကူးတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၃ ရက်နေ့က အဆိုပါတံတားတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပန်းတနော်မြို့နယ်၊ အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတောချောင်းကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျုံပတောချောင်းကူးတံတား မင်္ဂလာမော်ကွန်းတင်ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တံတားသစ်ဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့သည်။

အဆိုပါတံတားသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားဖြစ်ပြီး တံတားအရှည် ၁၈၀ ပေနှင့် အကျယ် ၂၀ ပေရှိကြောင်းသိရှိရကာ ကျုံပတောတံတား တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၆) ရွာမှ စိုက်ပျိုးထွက်ကုန်များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာ-လေးအိမ်ကျေးရွာ ချင်းဆက် လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ တံတားသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားဖြစ်ပြီး တံတားအရှည် ၄၀ ပေနှင့် အကျယ် ၂၀ ပေ ရှိကြောင်းသိရှိရသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျောင်းကုန်းမြို့နယ်၊ ကျုံတာကျေးရွာနှင့် အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာချင်းဆက် ကျောက်ချောလမ်းနှင့် ကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တံတားသစ်နှင့် ကျောက်ချောလမ်းအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။  ကျောင်းကုန်းမြို့နယ်၊ ကျုံတာကျေးရွာနှင့် အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာချင်းဆက် ကျောက်ချောလမ်းနှင့် ကွန်ကရစ်တံတားသစ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၀/၆)မိုင် အကျယ် ၁၂ ပေနှင့်ထု ၆ လက်မရှိပြီး ကွန်ကရစ်တံတားသည် အရှည် ၁၀၀ ပေနှင့် အကျယ်၂၀ ပေ ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်ခွဲတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သွေးလှူဒါန်းရာတွင် ဌာနဆိုင်ရာ၊ ပြည်သူလူထု စုစုပေါင်း(၄၃)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)