မင်းဘူးမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်း ဖွင့်လှစ်

မင်းဘူး မတ်  ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.Ep) အမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (၁) မင်းဘူးမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် ဒီပလိုမာမရသေးသည့် ဆရာ၊ ဆရာမများအတွက် ဒီပလိုမာဘွဲ့လက်မှတ်ရအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုနွေရာသီမှာ အခြေခံပညာဦးစီးဌာနမှ Med ၊ PhD ဘွဲ့ရရှိထားသည့် ဆရာ၊ ဆရာမနည်းပြများ၊ ကျောင်းအုပ်များပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မကွေးပညာရေးကောလိပ်မှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သင်ကြားရေးဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းကာလမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ မေလ ၃၀ရက်နေ့အထိဖြစ်ပြီး သင်တန်းနည်းပြ ၁၆ ဦး၊ ရုံးအဖွဲ့ ၄ ဦး၊ ကြီးကြပ် ၁ ဦးတို့က လက်ထောက်မူပြ၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြ သင်တန်းသား ၅၀ ဦး၊ သင်တန်းသူ ၂၅၅ ဦး စုစုပေါင်း (၃၀၅) ဦးတို့အား နံနက် ၈ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)