ပွင့်ဖြူ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် မြေပဲ (၃၀၈၆) ဧက ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ (၅၄) ဒသမ (၅၃) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ (၃၀၈၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ မြေပဲစိုက်ခင်းများကို ဒေသခံတောင်သူများက ဇန်နဝါရီလမှ စတင်နုတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံ မြေပဲ ဧကအားလုံး ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ မြေပဲစိုက်ခင်းတွေ ဖြစ်ထွန်းအောင်မြင်မှု ရှိပါတယ်။ နောက်ပြီး မြေပဲခင်းတွေက ပိုးမွှားကျရောက်မှု မရှိလို့ အထွက်နှုန်းလဲ ကောင်းတယ်။ တစ်ဧကို မြေပဲတောင့်တင်းရေ (၅၄) ဒသမ (၅၃) တင်း ထွက်ရှိပါတယ်။ တောင်သူတွေကို မြေပဲ နုတ်သိမ်းတာနဲ့ ပတ်သက်ပြီး အထွက်နှုန်း လျော့နည်းမှု မဖြစ်စေဖို့ အချိန်မီ နုတ်သိမ်းနိုင်အောင် ကြီးကြပ်ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီ၌ ဆီစားသုံးမှု ဖူလုံပိုလျှံစေရေးအတွက် မြေပဲ (၂၉၃၀) ဧက လျာထား စိုက်ပျိုးခဲ့ရာ (၃၀၈၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်း ကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ (GAP)စနစ်နှင့်အညီ စိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံ မြေပဲကို အထွက်နှုန်းများ ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်း စားသုံးဆီ ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်သောကြောင့် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မြေပဲမျိုးများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )