ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုပုံး မတ် ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဒေသအဆင့်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဘာသာရပ်အလိုက်သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်လာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မတ်လ (၂၄) ရက်မှ မတ်လ (၂၈) ရက်အထိ (၄)ရက်တာ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၂ ဦး၊ သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ ၄ ဦးဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စုစုပေါင်း ဆရာ၊ ဆရာမ ၁၅၉ ဦး တက်ရောက်ခဲ့ကာ အထက်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအားလည်းကောင်း၊ အလယ်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များအားလည်းကောင်း ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ဒေသအဆင့်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)