ဒေါပုံမြို့နယ်တွင် ဆေးကုသရန်အခက်အခဲရှိသော ပြည်သူများအတွက် အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး

ဒေါပုံ မတ် ၂၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသရန်အခက်အခဲရှိသော ပြည်သူများအား ဆေးကုသပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မတ် ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်က ကြည်စုရပ်ကွက် သမ္မစိတ္တ ၂ လမ်းရှိ ရပ်ကွက်ဓမ္မာရုံတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်ထွန်းဇံရပ်ကွက်၊ ကြည်စုရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့မှ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မျက်စိရောဂါဝေဒနာရှင်များ၊ ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သော ရောဂါဝေဒနာရှင်များ ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရောဂါဝေဒနာရှင်များအား သက်ဆိုင်သည့် ဆေးဝါးများကို အခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များက ​လိုအပ်သည့်ဆေးဝါးများ လှူဒါန်းပေးခဲ့ကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် အဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)