ရန်ကင်းမြို့နယ်၌ အ.လ.က (၅) ရန်ကင်း၏ (၁၁) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ

ရန်ကင်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် အ.လ.က (၅) ရန်ကင်း၏ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ (၁၁) အကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို မတ်လ ၂၃ ရက် နံနက် (၉) နာရီက ရန်ကင်းမြို့နယ် အမှတ် (၅) ရပ်ကွက်ဓမ္မိကဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် (၁၁) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီမှ ကျောင်းသူဟောင်း ဒေါ်လွင်မာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါ်အိသင်ဇာက (၁၁) အကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် ပူဇော်ကန်တော့မည့် အစီအစဉ်နှင့် ကန်တော့ငွေကောက်ခံရရှိမှု အခြေအနေအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက (၁၁) ကြိမ်မြောက် အာစရိယပူဇော်ပွဲအပူဇော်ခံ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ အားကန်တော့ငွေများဖြင့် ကန်တော့ခဲ့ကြသည်။ ယင်းနောက် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးညွန့်က ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး ကျောင်းသူဟောင်းဒေါ်ဥမ္မာမိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ရန်ကင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ စုပေါင်း၍ (အ.လ.က) (၅) ကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ်အာစရိယပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်ကျင်းပသည့် (၁၁) ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၉၃) ဦးရှိကြောင်း သိရပြီး ပူဇော်ကန်တော့ငွေအနေဖြင့် အသက် (၉၀) နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၃၀၀၀၀၀/- နှုန်း၊ အသက် (၈၀) နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၂၀၀၀၀၀/- နှုန်း၊ အသက် (၈၀) နှစ်အောက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၅၀၀၀၀/- နှုန်းစီဖြင့် စုစုပေါင်း ကန်တော့ငွေကျပ် ၁၅၃၀၀၀၀၀ /-ဖြစ်ပြီး အခမ်းအနားမတက်ရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးချင်းစီအိမ်တိုင်ရာရောက် သွားရောက်ကန်တော့မည်ဖြစ်ကြောင်း အဆိုပါအာစရိယပူဇော်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

လှလှထွေး (ပြန်/ဆက်)