ဒေးဒရဲ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ၏ဦးဆောင်မှု ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက တော်ကမယ်ကျေးရွာ၊ ပုပ္ပါရုံ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးက ကျေးရွာအုပ်စုများရှိ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် အမျိုးသမီးများကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးသိန်းလှိုင်က လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းမှု ဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်နီနီမြင့်က လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်က တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများ ကျုးလွန်ပါက ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်များကို အသိပညာ ပေး ဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း