ဒေါပုံ မတ် ၂၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဋ္ဌိပထမပြန်စာမေးပွဲများတွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်နှင့် သီလရှင် (၁၁၇) ပါးအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုအလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်း စာအောင်သံဃာပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြဿာဒ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဆရာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီးနောက် နိုင်ငံတော်ဩဝါဒစရိယပြဿာဒ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်နှင့် ဩဝါဒများခံယူခဲ့ကြပါသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ပေးအပ်လှူဒါန်းခဲ့ကြပြီး စာအောင်သံဃာတော်နှင့် သီလရှင်များအား ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် အဖွဲ့ဝင်များက စာအောင်လက်မှတ်များကို အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် သံဃာတော်များအား လှူဒါန်းမှုအစုစုကို လျှောက်ထားခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်က ရေစက်ချအနုမောဒနာတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများတွင် သံဃာတော်နှင့် သီလရှင်အပါး (၃၀)၊ နိကာယ်စာမေးပွဲတွင် သံဃာတော် (၅၉) ပါးနှင့် ပါဋ္ဌိပထမပြန် စာမေးပွဲတွင် သံဃာတော် (၂၈) ပါး စုစုပေါင်းသံဃာတော်နှင့် သီလရှင် (၁၁၇) ပါး အောင်မြင်တော်မူခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)