ကော့မှူးတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေး

ကော့မှူး မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပါး‌ကျေးရွာများတွင် ယမန်နေ့နံနက်က ပြည်သူ့စစ်မှုထမ်းဥပဒေ နည်းဥပဒေများ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား ကျေးရွာ‌အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားအားလုံးအကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ပြည်သူစစ်မှုထမ်းစနစ်ကျင့်သုံးခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်နှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလလုပ်ကြံသတင်းများအား စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်း စသည့်များအားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌‌စေရန်တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကျိုက်‌ထော်နယ်မြေရဲတပ်ဖွဲ့ စခန်းမှူးမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးမိုးစပါးစသည့် ကိစ္စရပ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ရွာတွင်းလမ်းကိစ္စရပ်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကန်များ လိုင်စင်ပြုလုပ်ရေးကိစ္စရပ်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တောင်သူများအား သွင်းအားစုနှင့် ပတ်သက်သော အကြောင်းအရာများကို ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ