ကော့သောင်း မတ် ၂၅
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာရှိ Southern Coastline Group Co.,Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၁၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက Southern Coastline Group Co.,Ltd ၏ Solar Power Plant စီမံကိန်းမုခ်ဦးအား ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်ဦးမြတ်ကိုက စီမံကိန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက Southern Coastline Group Co.,Ltd ၏ Solar Power Plant ကမ္မည်းစာတိုင်အား အမွေးနံ့သာရေများ ပက်ဖျန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသအတွင်းတိုးတက် သုံးစွဲလာကြသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝလုံလောက်အောင် ထုတ်လုပ်ပေးနိုင်ရန်နှင့် သင့်တင့်သည့် ဓာတ်အားခနှုန်းထားဖြစ်အောင် အစဉ်ကြိုးပမ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော့သောင်းမြို့နယ်၏ အများဆုံးလျှပ်စစ် ဓာတ်အားသုံးစွဲမှု ဝန်အားအနေဖြင့် (၄) မဂ္ဂါဝပ်ခန့်သာရှိသည့်အတွက် ယခုထပ်မံပေါ်ထွက်လာသည့် ဆိုလာဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားနှင့် ပေါင်းစပ်မည်ဆိုပါက လုံလောက်မှုရှိသည့်အပြင် သင့်တင့်သည့် ဓာတ်အားနှုန်းထား ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာဖြင့်အကျိုးရှိရှိ အသုံးချသွားရန် အထူးလိုအပ်ကြောင်း၊ အသေးစား၊ အလတ်စား MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အအေးခန်းစက်ရုံကြီးများ၊ ရေခဲစက်စက်ရုံကြီးများကိုလည်း ဆက်လက်ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံကြီးများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ တည်ဆောက်ပေးနိုင်ရန် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော့သောင်းမြို့နယ်တွင် (၁၀) မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံကြီး ယခုကဲ့သို့ အောင်မြင်စွာဖွင့်လှစ်နိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်ပါကြောင်းနှင့် တည်ဆောက်ပြီးစီးသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံကြီးများနှင့် စက်ရုံကြီးများကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်းသွားကြရန် ပြောကြားသည်။
ယင်းနောက် Southern Coastline Group Co.,Ltd မှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြောကြား၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား (၁၀)မိုင်ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာရှိ Southern Coastline Group Co.,Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၁၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် ၁၀ မိုင်ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာရှိ မြေဧရိယာ (၃၇.၂၃)ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် နေရောင်ခြည်စွမ်းအင်သုံး (၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)