ကျောက်ဆည်မြို့တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဆရာ/ဆရာမများ(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်

ကျောက်ဆည်  မတ်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်တန်း ဆရာ/ဆရာမများ(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို သင်တန်းကြီးကြပ်(၄)ဦး၊ သင်တန်းနည်းပြ(၂၄)ဦး၊ သင်တန်းသား(၃၆၆)ဦးဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို သင်တန်းကြီးကြပ်(၅)ဦး၊ သင်တန်းနည်းပြ(၅၀)ဦး၊ သင်တန်းသား(၈၅၄)ဦးဖြင့်လည်းကောင်း အတန်းစဉ်နှင့် ဘာသာရပ်အလိုက် ထိရောက်စွာ သင်ကြား/သင်ယူနိုင်ရေး ဘာသာရပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှုစွမ်းရည် မြင့်မားလာခြင်း၊ ဘာသာရပ်သင်ခန်းစာများအလိုက် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များ ထိရောက်အောင်မြင်သော သင်ကြား/သင်ယူမှုဖြစ်လာခြင်းကြောင့် တတ်မြောက်မှုများကို စစ်ဆေးရာတွင် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်ကို ဖော်ပြသောစစ်ဆေးတိုင်းတာမှု ရလဒ်ကောင်းများရရှိလာပြီး အတန်းကူးပြောင်းနှုန်း မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)