စဉ့်ကိုင် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပလုပ်ငန်းခွင်များ၌ခိုင်းစေမှု လျော့နည်းပပျောက်စေရေး စသည်တို့ကိုရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သင်္ဂတုံကျေးရွာ အုပ်ချုပ်ရေးမှူး "ဘဝအလင်းသစ်" စာကြည့်တိုက်ကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ကလေးလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အသက်အရွယ်အပိုင်းအခြားနှင့် အလုပ်အချိန် ကန့်သတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်ဥပဒေများ စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေသော နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)