မြစ်သားမြို့နယ်တွင် နွေစပါးစိုက်ဧက (၂၀၁၁၀) လျာထား ဆောင်ရွက်ရာ ဧက (၁၀၂၀၀) စိုက်ပျိုးပြီးစီး

မြစ်သား   မတ်   ၂၁

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၂၀၁၁၀) လျာထား ဆောင်ရွက်လျက်ရှိရာ (၁၀၂၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အစေ့ချကိရိယာ (Drum Seeder)၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးလျက်ရှိပြီး မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေး၊ သွင်းအားစုအချိန်ကိုက်သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုး/မွေးမြူရေးကြီးကြပ်အဖွဲ့မှ ကြီးကြပ်၍ သွင်းအားစုများကို အချိန်မီသုံးစွဲနိုင်ရေးအတွက် ပုလဲဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများ ယခုနှစ်နွေစပါးစိုက်ပျိုးလျက်ရှိသည့် မနောသုခ၊ ဧရာပဒေသာနှင့် ဗီယက်နမ်ရက် ၉၀ စပါးမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၅ ယခုနှစ်တွင် ၂၀၁၁၀ ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်နွေစပါးစိုက်ဧက တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)