မကွေး မတ် ၂၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲများနှင့်ပတ်သက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်များထံမှ ဩဝါဒခံယူကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူသော တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန ဆရာတော်နှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဒု-ဥက္ကဋ္ဌ ဆရာတော် ပခုက္ကူမြို့၊ မဟာဝိဇယာရာမကျောင်းတိုက်၊ ဘဒ္ဒန္တဇောတိက ဆရာတော်တို့က အစိုးရဓမ္မာစရိယ ပါဠိပထမပြန်စာမေးပွဲများနှင့်ပတ်သက်၍ ဩဝါမိန့်ကြားတော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂)ရက်(အင်္ဂါနေ့) (၂၅-၃-၂၀၂၅) ရက်နေ့မှ ၁၃၈၆-ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၉)ရက် (တနင်္ဂနွေနေ့) (၆-၄-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်ရန် သတ်မှတ်ကြေညာထားပြီးဖြစ်ပါကြောင်း၊ ဓမ္မာစရိယပညာရေးဗဟိုအဖွဲ့ဆရာတော်များ၊ ပါဠိပထမပြန် ပညာရေးဗဟိုအဖွဲ့ ဆရာတော်များ နှစ်စဉ်ကြုံတွေ့ရသော အခက်အခဲများရှိခဲ့ပါကြောင်း၊ စာမေးပွဲများ သန့်ရှင်းစင်ကြယ်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အစိုးရပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ စည်းမျဉ်းအခန်း(၁၈)အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်လူပုဂ္ဂိုလ်များပါဝင်သော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲ ကျင်းပရေးဗဟိုအဖွဲ့ခွဲများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအသီးသီး၌ ဖွဲ့စည်းထားသော ကျင်းပရေးဗဟိုအဖွဲ့ခွဲများသည် မိမိတို့ဒေသအတွင်းရှိ စာဖြေဌာနများတွင် သန့်ရှင်းစင်ကြယ်စွာကျင်းပနိုင်ရေးနှင့် ပညာရေးဗဟိုအဖွဲ့များ စာစစ်လုပ်ငန်းများ ကြန့်ကြာနှောင့်နှေးမှုမရှိစေရေးတို့အတွက် ကြီးကြပ်ရေးအဖွဲ့များ အထူးကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်းများပါအတိုင်း လိုက်နာဆောင်ရွက်စေရေးအတွက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဗုဒ္ဓသာသနာတော်အရေး အရှည်မျှော်တွေးကာ တိတိကျကျ ကြပ်မတ်တာဝန်ယူ တာဝန်ခံကာ ဆောင်ရွက်သွားရန် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ ဆရာတော်ကြီများ၏ ဩဝါဒခံယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဘဒ္ဒန္တမာနိတနှင့် ကြွရောက်လာကြသော ဆရာတော်ကြီများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လျောက်ထားမှုအပေါ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ဆရာတော်ကြီးများမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဒကာကြီးတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ဆရာဒကာညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက ယခုနှစ်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကြပ်မတ်ကြစေလိုကြောင်း ဩဝါဒမိန့်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမနထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ