ရပ်စောက် မတ် ၂၆
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦး (Smart Village) ကျေးရွာ၌ စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမ (၄၀’×၂၀’×၁၂’) အဆောက်အဦ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်တို့က အမှာစကားများ အသီးသီးပြောကြားပြီး စမ်းရေဦးကျေးရွာ(VDP)ကော်မတီသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ကာ အဆိုပါကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမအား စီမံကိန်းထောက်ပံ့ငွေ ကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၂.၅)သန်း စုစုပေါင်းကျပ်(၁၇.၅)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)