ရပ်စောက် မတ် ၂၆
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ မတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာနှင့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တောင်ကြီးခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက နွေရာသီနှင့် ဆောင်းရာသီတွင် ကျရောက်တတ်သော မီးခိုးမြူငွေ့များအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်စေသော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပွားနေသောအချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များစသည့် အကြောင်းအရာများကို ကျေးရွာပြည်သူများသို့ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ရပ်စောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှလည်း ဌာနအလိုက်ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာပြည်သူများအား တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံအတွင်းမီးခိုးမြူငွေ့ အန္တရာယ်ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ် အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ စုစုပေါင်းအင်အား(၃၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)