မင်းဘူး မတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် သနပ်ခါးလိမ်းခြယ်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲလှုပ်ရှားဆောင်ရွက်မှုကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မာမာဌေးက မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ခြင်းဓလေ့အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သနပ်ခါးလိမ်းခြယ်ပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့သနပ်ခါးမှာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပြီး မြန်မာတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုနှင့်လည်း သက်ဆိုင်ကြောင်း၊ မြန်မာ့သနပ်ခါးကို လိမ်းခြယ်အသုံးပြုခြင်းဖြင့် ရရှိလာသည့် ကျန်းမာရေးဗဟုသုတများနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO အသိအမှတ်ပြုစာရင်း တင်သွင်းခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်မှုနှင့်ပတ်သက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လိမ်းခြယ်ပေးခြင်းဖြင့်၊ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုတစ်ရပ် သနပ်ခါးလိမ်းခြယ်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)