မင်းဘူး မတ် ၂၆
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်းလမ်း နိုင်လွန်ကတ္တရာ ကွန်ကရစ်(AC)လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ မိန်းလမ်းမပေါ်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်း လမ်းဖွင့်ပွဲမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစံမင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သော ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ မင်းဘူးမြို့တွင်းလမ်းရှိ နိုင်လွန်ကတ္တရာ ကွန်ကရစ်(AC)လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရှင်းလင်းဆောင်၌ လမ်းဖွင့်ပွဲအခမ်းနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေး၊ လမ်းအသုံးပြုသွားလာနေကြသော ခရီးသွားပြည်သူများနှင့် ဒေသခံများ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးသို့ အချိန်တိုအတွင်း လွယ်ကူချော့မွေ့အဆင်ပြေစွာသွားလာနိုင်စေရန်အတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်း မင်းဘူးမြို့၏ အဓိကကျသော မိန်းလမ်းမကြီးရှိ ယခင်ကတ္တရာလမ်းပိုင်းအား နိုင်လွန်ကတ္တရာကွန်ကရစ်(AC)လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် မင်းဘူး-မကွေးလမ်းပိုင်းကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့တို့မှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် အကုန်ကျခံကာ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း၌ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၂၁.၈၅၃)ဘီလီယံခန့်အသုံးပြုပြီး လမ်းမိုင်ပေါင်း (၃၃)မိုင်ကျော်နှင့် တံတားပေါင်း(၁၅)စင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့တွင်းလမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၁)နှင့် မင်းဘူး-မကွေးလမ်းပိုင်းတစ်လျောက်ကို မင်းဘူးခရိုင် လမ်းဦးစီးဌာနတို့က တာဝန်ယူ၍ လမ်းပိုင်းဆိုရာလုပ်ငန်းများကို အဆင့်မြှင့်တင်ပြီး အသစ်တိုးချဲ့ဆောင်ရွက်နိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြီးနောက်၊ ဒေသခံတစ်ဦးက အဆိုပါလမ်းလုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်း၌ မင်းဘူးမြို့ဧရိယာရှိ အဓိကမူ လကတ္တရာလမ်းအား တုတ်ချောင်းတံတားထိပ်မှ မြောက်လှည်းကောက် အဝိုင်းပတ်အကျော်အထိ အရှည် ၁ မိုင် ၁ ဖာလုံအားလမ်းအကျယ် ပေ ၃၀ မှ ၄၈ ပေ အကျယ်တိုးချဲ့၍ နိုင်လွန်ကတ္တရာကွန်ကရစ်(AC) လမ်းအဖြစ်အဆင့်မြှင့်တင်ပြီး မြို့တွင်းအင်္ဂါရပ်နှင့်အညီ ကွန်ကရစ်လမ်းပခုံး၊ အုတ်စီရေမြောင်း၊ ကွန်ကရစ်ရေမြောင်းအဖုံးနှင့် တွဲလျက်အပြင် လူသွားပလက်ဖောင်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၄၅၈၇ ဒသမ ၃၁ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ တာဝန်ယူ၍ ၂၀၂၄ ခုနှစ် မေလမှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ မင်းဘူး-မကွေးလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၀/၅ မိုင်မှ ၁/၇)မိုင်အတွင်း၌ အန္တရာယ်မျက်ကွယ်ကွေ့ (၃)နေရာကို ဖြတ်ထုတ်၍ လမ်းချဲ့ကာ၊ နှစ်လမ်းသွား ၂၄ ပေ အကျယ် ကတ္တရာလမ်းသစ်ခြင်း၊ လမ်းတာဘောင်ကျဉ်းသော နေရာများအား မြေထိန်းနံရံတည်ဆောက်၍ Guard Rail တပ်ဆင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်း၍ ကွန်ကရစ်လမ်းပုခုံးတည်ဆောက်ခြင်းလုပ်ငန်းများအားလုံးကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၅၄၃ ဒသမ ၀၁ ကျပ်သန်းတို့ဖြင့် မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကာ ယခုအခါ အဆိုလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြို့များမှ ဒေသခံပြည်သူများက ထုတ်ကုန်များကို မြစ်အရှေ့ဘက်ကမ်းရှိ မကွေးမြို့၊ နေပြည်တော်၊ မန္တလေးမြို့များသို့ လွယ်ကူလျင်မြန်ချောမွေ့စွာ သွားလာနိုင်ပြီး လူမှုစီးပွားဘဝ ရည်ရှည်ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)