တောင်တွင်းကြီး မတ် ၂၆
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၅-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့က စတင်ကျင်းပလျက်ရှိရာ ဖြေဆိုတော်မူသည့် စာဖြေသံဃာများနှင့် ကြီးကြပ်ရေးဆရာတော်ကြီးများအတွက် အချိုရည်နှင့် ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် အလှူငွေ ၁၆၀၅၀၀/-ကျပ်အား ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်က သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်များ အမှုထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် အလှူငွေ ၁၆၀၅၀၀/-ကျပ်အား ပေးအပ်လှူဒါန်းရာ သာသနာ့လမင်းဆွမ်းလောင်းအသင်းကြီး၏ ဥက္ကဋ္ဌ ဦးသာလှက လက်ခံရယူခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စာဖြေဌာန၌ ဓမ္မာစရိယစာမေးပွဲကို တောင်တွင်းကြီးမြို့နယ်၊ အောင်လံမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းလှမြို့နယ်တို့ရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယစာဖြေသံဃာ(၁၅)ပါး ဖြေဆိုလျက်ရှိပြီး မတ်လ(၂၅) ရက်နေ့မှ(၃၁)ရက်နေ့ထိ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီထိ ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၆) ရက်နေ့ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပထမကြီးတန်း(၂၃)ပါး၊ ပထမလတ်တန်း(၄၁)ပါး၊ ပထမငယ်တန်း(၆၀)ပါးနှင့် အခြေပြုမူလတန်းစာဖြေသံဃာ (၉၀)ပါးတို့ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)