ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဒလမြို့နယ်၌ ဓနုတ်စံပြကျေးရွာစာကြည့်တိုက် ဖွင့်ပွဲတက်ရောက်

တွံတေး         မတ်      ၂၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ မတည်ငွေ၊ ဒေသခံပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့်ဆောက်လုပ်သော ဓနုတ်စံပြကျေးရွာ ပညာတန်ဆောင်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်က အဆိုပါစာကြည့်တိုက်မုဒ်ဦးရှေ့၌ ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဓနုတ်စံပြကျေးရွာ၊ ပညာတန်ဆောင်စာကြည့်တိုက် ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်နွယ်၊ ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးစိုင်းအောင်မြတ်၊ ဒလမြို့နယ်စာကြည့်တိုက်များကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ ဒလမြို့နယ်ဓနုတ်စံပြကျေးရွာ၊ ပညာတန်ဆောင်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးကျော်တင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များနှင့်တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီးစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက စာကြည့်တိုက်သုံးပရိဘောဂများနှင့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ ဓနုတ်စံပြကျေးရွာ ပညာတန်ဆောင်စာကြည့်တိုက်မှူး ဦးဝင်းနိုင်က လက်ခံရယူသည်။ ယင်းနောက် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးဟန်က အလှူငွေကျပ်သိန်း (၇၀)ကိုပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပညာစာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်ကပေးအပ်ရာ တွံတေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက လက်ခံခဲ့သည်။ ထို့နောက် ပညာတန်ဆောင်စာကြည့်တိုက်မှူးဦးဝင်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပညာတန်ဆောင်စာကြည့်တိုက်ကို  မြန်မာနိုင်ငံ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ မတည်ငွေကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူများမှ လှူဒါန်းငွေကျပ်သိန်း(၇၀)စုစုပေါင်းငွေကျပ် (၂၂၀)သိန်းဖြင့်လည်းကောင်း၊ (၂၀ ပေ x ၂၄ ပေ  x အမြင့် ၁၁ ပေ)ဖြစ်ပြီး Steel Structure အုတ်ညှပ်(၁)ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)