ဒလ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနနှင့် ဒလမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းသားကြက်ခြေနီအသင်းများ ဖွဲ့စည်းနိုင်ရေးအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးပြည့်ဖြိုးဟန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ အင်းဆက်များကိုက်ခြင်းနှင့်တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်းစသည့်တို့ကို ရှေးဦးပြုစုနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုစုနည်းစသည့် အကြောင်းအရာများအား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကြက်ခြေနီ သင်တန်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ဒလမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှ သင်ထောက်ကူစာအုပ်များ ပေးအပ်ခဲ့ပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်းအား မတ်လ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၆၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)