ပင်လောင်း မတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာအစည်းအဝေးကို နမောတဿဂါထာသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရင်းမှီးပရိယတ္တိစာသင်တိုက် ဩဝါဒစရိယဆရာတော်ကြီး ဘဒ္ဒန္တဝါယာမနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တီကျစ်မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာဘတို့က ဩဝါဒဂါထာမြွက်ကြားတော်မူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အစည်းအဝေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို တင်ပြလျှောက်ထားခဲ့သည်။
ထို့နောက် ရင်းမှီးပရိယတ္တိစာသင်တိုက် ဂေါပကဥက္ကဋ္ဌ ဒေါက်တာခွန်အောင်မြင့်က အစိုးရပါဠိပထမပြန်စာမေးပွဲအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ တင်ပြလျှောက်ထားပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ပင့်ဖိတ်ထားသော ဆရာတော်များက အစည်းအဝေး အထွေထွေဆွေးနွေးချက်များကို ရနိုင်သည့် အတည်ပြုဆွေးနွေးချက်များအား အတည်ပြုပေးခဲ့ကြောင်း၊ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မြသိန်းတန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမင်္ဂလက စာဖြေသံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆွမ်းအလှူရှင်စာရင်းများ ဖတ်ကြားခဲ့သည်။
ယင်းနောက် ရင်းမှီးပရိယတ္တိစာသင်တိုက် ဩဝါဒစရိယဆရာတော်ကြီး ဘဒ္ဒန္တဝါယာမ နိဂုံဩဝါဒဂါထာချီးတော်မူခဲ့ပြီး၊ အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ဂါထာဖြင့် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း၊ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)