မအူပင် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သတ္တမအကြိမ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကော်မတီအစည်းအဝေးဆွေးနွေးပွဲအား ယမန်နေ့မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်ခရိုင်အဆင့်ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ယခင်ဆဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်ရန်ကျန်ရှိမှုများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့/ရွာသန့်ရှင်း သာယာလှပစေရန် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရေး၊ စာသင်ကျောင်းများနှင့် ကျေးရွာရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်မှုများ၊ မြစ်/ချောင်းများအတွင်း အမှိုက်များ မစွန့်ပစ်ရန် အသိပညာပေးခြင်းများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးအတွက် ပြည်သူလူထုအား အသိပညာပေး ဆောင်ရွက်လျက်ရှိမှုများ၊ ရပ်ကွက်ကျေးရွာနှင့် စက်မှုလက်မှုလုပ်ငန်းများသို့ အသိပညာပေးမှုများ၊ စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်ရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ထားရှိမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ဆက်စပ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးဆွေးနွေးပွဲအား ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကော်မတီအစည်းအဝေးအား (၃) လတစ်ကြိမ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)