မြောက်ဥက္ကလာပ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်မြမြ၀င်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဒေါ်မြမြ၀င်းနှင့် သူနာပြုသင်တန်းကျောင်းမှ နည်းပြဆရာမကြီး ဒေါ်ဖြူဖြူ၀င်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး မြောက်ဥက္ကလာပမြို့နယ် သူနာပြုသင်တန်း ကျောင်းမှ ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများဖြစ်သော မောင်ပိုင်ခန့်ကျော်က"လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ဟိန်းထက်အောင်က "လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူမမိုးဟန်နီချိုက "လူငယ်နှင့်နည်းပညာ"ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ကျောင်းသူ မခင်ချိုလင်းက"လူငယ် နှင့် စာရိတ္တ"ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ကျောင်းသူ မဇူလိုင်ထွန်းက "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကျောင်းသားမောင်ဇော်၀င်းလှိုင်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော အခြားသင်တန်းသား၊ သင်တန်းသူများက မိမိတို့ သိရှိလိုသည် ထင်မြင်ချက်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်သူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက စကားဝိုင်းတွင်ပါ၀င်ဆွေးနွေးခဲ့ကြသော သင်တန်းသား၊သင်တန်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ပိုစတာများ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လောဟာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြမြ၀င်းနှင့် ၀န်ထမ်းများ ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများ အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြာင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)