ပခုက္ကူ မတ် ၂၆
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ရာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ပထမဦးစွာ သွေးလှူရှင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးပြီး သွေးလှူရှင် ၄၀ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းနေမှုကို တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ချီးမြှင့်ပေးအပ်ခြင်း၊ သွေးလှူရှင်များ၏ သွေးအိတ်ထုပ်များကို ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)